Pages

“ နိုင်ငံရေးသမားကောင်း နောက်လိုက်ကောင်း


နိုင်ငံရေးလုပ်ကြတဲ့အခါ ခေါင်းဆောင်ကောင်းတွေပေါ်ထွန်းရုံနဲ့ မပြီးသေးဘူး။ နောက်လိုက် ကောင်းတွေလည်း ထုနဲ့ထည်နင့် ရှိဖို့ လိုတယ်လို့ ကျွန်တော့်ဆောင်းပါးတစ်ပုဒ်မှာရေးခဲ့ဖူးတော့ စာဖတ် သူမိတ်ဆွေတစ်ယောက်က နိုင်ငံတစ်နိုင်ငံမှာ နောက်လိုက် ကောင်းတွေများလာဖို့ အရေးကြီး သလား၊ ခေါင်းဆောင်များဖို့ အရေးကြီးသလား သိချင်ပါတယ်လို့ စာလှမ်းရေးတယ်။

တကယ်ကတော့ ခေါင်းဆောင်လုပ်ချင်ရင် နောက်လိုက်များများ ရှိဖို့လိုတယ်။ နောက်လိုက်မရှိ ဘဲ ခေါင်းဆောင် မဖြစ် နိုင်ပါဘူး။ မိမိအတွက် ရန်ပုံငွေ ထောက်ပံ့ ထည့်ဝင်ပေးမဲ့သူ ၊ မိမိအတွက် အချိန် ကုန်လူပင်ပန်းခံပြီး လိုက်ပါမဲဆွယ် ပေးမည့်သူ၊ မိမိကောင်း သတင်းများကိုပြောပြီး ၀ါဒဖြန့်ပေး မည့်သူ စသည်ဖြင့် အသိုင်းအ ၀န်းကောင်းကောင်း ရှိဖို့လိုပါတယ်။ အလုပ်သဘောနဲ့ ပြောရရင် တော့နောက် လိုက်ကောင်းတွေ လိုအပ်တယ် လို့ ပြောရမှာပါ။


သည်လိုဆိုရင် နောက်လိုက်လုပ်သူဟာ ဘာကြောင့်သူများနောက်လိုက်လုပ်သလဲ၊ တချို့က ခေါင်းဆောင်ကို ကြည်ညိုလို့၊ ယုံကြည် အားထားလို့၊ တချို့က မိမိပါဝင်ထားတဲ့ပါတီ အဖွဲ့အစည်းရဲ့မူ ၀ါဒလမ်းစဉ်ကို နှစ်နှစ်ကာကာ ယုံကြည်ပြီး အောင်မြင်သည့်အထိ မိမိရဲ့ကိုယ်စွမ်း ဥာဏ်စွမ်းဖြင့် ပါဝင်ဖို့၊ တချို့ကျတော့လည်း အာဏာရဖို့ အလားအလာ ရှိတဲ့ ပါတီမှာ စောစောစီးစီး နေရာဝင်ယူ တန်းစီ ထားတာ မျို့ပေါ့ဗျာ။

နိုင်ငံရေးလုပ်ရတာပျော်နေသူများ

တချို့ကျတော့ ဘ၀အဆက်ဆက်ကနိုင်ငံရေးအထုံ ပါလာတာပဲပြောရမလားမသိ။ နိုင်ငံရေးကို ၀ါသနာကိုပါတာ။ နိုင်ငံရေးလုပ်နေ ရတာကိုပျော်နေတယ်။ နိုင်ငံရေးလုပ်စရာမရှိတော့ရင် ဟာတာ တာ ကြီး ၊ ဘ၀ဟာအဓိပ္ပာယ် မရှိသလိုဖြစ်သွားတယ်။ သူတို့ကျတော့ အခွင့်အရေး ရလိုမှုကြောင့် လည်း မဟုတ်ဘူး၊ ခေါင်းဆောင် လုပ်ရမှလို လည်း ရည်မှန်းချက် မရှိဘူး၊ ပါတီစာရွက် စာတမ်းလေးတွေ လိုက်ပြီး ဝေရတာ ၊ ပါတီလိုလား သူတွေက အခြေ အနေ မေးမြန်းရင် မမောနိုင် မပန်းနိုင် ရှင်းလင်း ဆွေးနွေးရတာ ကိုကျေနပ် နေတယ်၊ ပီတိဖြစ်နေတယ်။ ဘယ်သူက ဘယ်လို ထင်ထင်၊ ဘယ်လိုမြင်မြင် မိမိ ဟာအရေး ကြီးသူတစ်ယောက်လို့ယုံကြည်ပြီး ပီတိကိုစားနေသူ မျိုးပေါ့ဗျာ။

 အတိုက်အခံ နိုင်ငံရေးသမား

ကျွန်တော်ကျောင်းသားဘ၀ ပဲခူးမြို့မှာနေထိုင်စဉ်အတိုက်အခံ ပမညတ နိင်ငံရေးသမားတချို့ ကိုတွေ့ဖူးတယ်။ ပမညတ အမတ် ဗိုလ်ဘအောင်က ချမ်းသာတဲ့ မိသားစု နောက်ခံရှိတယ်၊ ကျွန်တော် တို့ရဲ့ခြေရင်း အိမ်မှာ နေ ထိုင်သူဖြစ်လို့ လူချင်းလည်း ခင်မင်ရင်းနှီး တယ်၊လွှတ်တော်မှာ အစိုးရ ဘတ်ဂျက် တင်သွင်းရင်း ဝေဖန်ဆွေးနွေးနိုင် တဲ့ အရည်အချင်း ရှိသူ ဖြစ်တယ်၊ဗိုလ်ဘအောင် ဟာ တည် ကြည်ဖြောင့် မတ်တဲ့ ပညာတတ် နိုင်ငံရေးသမား တစ်ဦးအဖြစ် လူအများ ရဲ့လေးစားမှုကို ခံရတယ်။

နောက်တစ်ဦးက ဆရာကြီး ဦးသာဒင်။ ပဲခူးမှာ နေရှင်နယ်ကျောင်း ခေါ် အမျိုးသား ကျောင်းကို စတင် တည်ထောင် သူဖြစ် တယ်။ကျွန်တော် သိတဲ့ အချိန်မှာတော့ အထူးသဒ္ဒါကျောင်းလို့ နာမည်ပေးထား တဲ့ကိုယ်ပိုင်ကျောင်း   ထောင်   ထားတယ်၊ မြို့မျက်နှာဖုံး လူကြီး တစ်ယောက်အဖြစ် ကြည်ညို လေးစားခြင်း ခံရတယ်၊ ဆရာကြီး ဦးသာဒင်သည်လည်း ပမညတ နိုင်ငံရေး သမားကြီးပါပဲ။ နောက်တော့နိုင်ငံတော် ကောင်စီဝင် ဖြစ်သွားတယ်။

နောက်တစ်ဦးက ဆရာဦးခင်မောင်မြင့်။ သူလည်း ပမညတ ခေါင်းဆောင်တစ်ယောက်ပါပဲ အလွတ်ပညာ သင်ကျောင်းဆရာ ဖြစ် တယ်။သင်္ချာသင်ရာမှာ အလွန်နာမည်ကြီးတယ် ၊နိုင်ငံရေးတရား ဟောရာမှာ စကားပြောအ လွန်ကောင်းသူလို့ထင်ရှားတယ်။ လေးလေးစားစား ဆက်ဆံကြတယ်-

သူတို့ရဲ့နေထိုင်မှုနဲ့ အသိပညာအဆင့်အတန်းကို ကြည့်ပြီးဘယ်သူကမှအထင်သေးအမြင် သေးမဆက်ဆံ ၀ံ့ပါဘူး။ အာဏာရပါတီ ဖက်ကလူတွေကလည်း သူတို့ကို လေးလေးစားစား ဆက်ဆံ တယ်၊အတိုက်အခံ နိုင်ငံရေးသမား ဆိုပြီး ကြောက်ကြောက် ရွံ့ရွံ့ ရှောင်ဖယ်နေကြတာ လုံးဝ မတွေ့ဖူး ပါဘူး။

သူတို့ရဲ့နောက်လိုက်ပမညတနိုင်ငံရေးသမားတွေအတော်များများကိုလည်း ကျွန်တော် ရင်းရင်း နှီနှီးဆက်ဆံ ဖူးတယ်။ ကျွန်တော် ဆက်ဆံဖူးသမျှ ပမညတတွေဟာ နိုင်ငံရေး ၀ါသနာကြီးလွန်းလို့ လုပ်ကြ သူတွေ ချည်းပါပဲ။ ကျွန်တော် အရမ်းခင်မင်ခဲ့တဲ့ ဦးလေးကြီး တစ်ယောက်ရှိတယ်။ ဆင်းရဲလိုက်တာကလည်းအ၀တ်အစားကောင်းကောင်း    တောင်မရှိဘူး၊ ကျွန်တော်တို့ အိမ်ကို အနည်းဆုံး သုံးလေး မိုင်လောက် ဝေးတဲ့နေ ရာက ဆိုက်ကားခ မတတ်နိုင်လို့ ခြေကျင်လာရ ရှာတယ်၊ ကျွန်တော့် ဆီကိုလာ တာ မဟုတ်ပါဘူး၊ ကျွန် တော့်အကိုက သန့်ရှင်းဖဆပလ လူကြီးတစ်ယောက် ဆိုတော့ ၁၉၆၀ ရွေးကောက်  ပွဲ အကြိုကာလ မဟာ မိတ်ဖြစ်တဲ့ ပမညတ ရဲဘော်တွေ အစ်ကို့ဆီကို ၀င်ထွက် သွားလာကြတာပါ။

နိုင်ငံရေးသင်တန်းပေးသလို

အဲဒီဦးလေးကြီးဟာ နိုင်ငံရေးစကားတွေ အာပေါင်အာရင်းသန်သန်ပြောတယ်။ အဲဒီအချိန်က သန့်ရှင်း ဖဆပလနဲ့ ပမညတ ကလူတွေ ဖမ်းဆီးခံရ၊ နိပ်စက်ခံရ၊ ကိုကိုးကျွန်း အပို့ခံရတဲ့ ကိစ္စတွေ၊ဝေါ၊ ဒိုက်ဦး၊ သနပ်ပင် မြို့နယ်တွေ မှာ တည်မြဲ ဖဆပလတွေရဲ့ ခြိမ်းခြောက် အနိုင်ကျင့် နေတာတွေ ကို ပါးစပ် သေနတ်နဲ့ ခံချနေတာပဲ။ ကျွန်တော်က ဘေးကနေ နားထောင် ကောင်းကောင်း နဲ့ နားထောင်နေ တယ်.။

ထောင်ကလွတ်လာတာ မကြာသေးတဲ့ ကျွန်တော့် အကိုကတော့ သိပြီးသား ကိစ္စတွေ၊ သူကိုယ်တိုင်ခံခဲ့ရ တဲ့ကိစ္စတွေကို ဘာမှမေးမြန်း စရာ မလိုလို့ ဘာမှာမပြောဘူး၊ကျွန်တော ကပဲ မရှင်းတာလေးတွေ ၀င်မေးရတယ်။ အဲသလို မေးမည့်သူ ရှိလို့ကတော့ ဦးလေးကြီးက အကြိုက်ပေါ့။ အသက် ၁၅ နှစ်အရွယ် ကျွန်တော့်ကို သူငယ်နှပ်စားရယ်လို့ သဘောမထားဘဲ နိုင်ငံရေးသင်တန်း ပေးသလို အားရ ပါးရပြောပြတော့ တာပဲ။ နှစ်နာရီ၊ သုံးနာရီ ကြာအောင်နေပြီး သူပြန်တော့မယ်ဆိုရင် ကျွန်တော့်အကိုက ဆိုက်ကားခ ထုတ်ပေး တယ်။
“ နေပူတယ်၊ ခြေကျင်ပြန်ရင် မကောင်းဘူး၊ ဆိုက်ကားလေးနဲ့ သွားပါ ” ဆိုပြီးပိုက် ဆံလေး ငါးကျပ်အိတ်ထဲ ထည့်ပေးလိုက် တယ်။အဲဒါကိုတောင် အတင်းငြင်းနေလို့ တောင်းတောင်း ပန်ပန်ယူခိုင်းရတယ်။

 ဦးလေးကြီးနဲု့ယှဉ်ကြည့်မိတယ်

ဒီဘက်ခေတ်မှာ နိုင်ငံရေး လုပ်လာ ကြသူတွေကိုတွေ့တိုင်း အဲဒီ ပမညတ ဦးလေးကြီးရဲ့စုတ်ဖွာ လန်နေတဲ့ အင်္ကျီ ပုဆိုးတွေကြားက အားမာန် အပြည့်ရှိတဲ့ မျက်နှာနဲ့ ယှဉ်ယှဉ်ကြည့်မိတယ်ဗျာ။အဲဒီဦးလေးကြီးလို နိုင်ငံရေးသမား မျိုးဟာ အရည် အချင်း အားဖြင့် အမတ်လုပ် လောက်အောင် ရှိချင်မှရှိမယ်။သို့ပေမဲ့ သူ့ရဲ့ ထက်သန် မှုနဲ့   ဖြောင့်မှန်မှု ကြောင့် လူတွေကသူ့ကိုချစ်ခင်တယ်။ အထင် မကြီးရင်နေ မယ်၊ အထင်တော မသေးဘူး။
ဘာကြောင့် လည်းဆိုတော့ သူဟာ ၀ါသနာ ကြီးလွန်းလို့၊ ယုံကြည်ချက် ပြင်းထန်လွန်းလို့ နိုင်ငံရေး လုပ်နေတာ၊ ကိုယ်ကျိုးရှာဖို့ နိုင်ငံရေး လုပ်နေတာ မဟုတ်လို့ပါပဲ။

မောင်ဝံသ
၃၁။သြဂုတ် ၂၀၁၀

0 မှတ်ချက်:

Post a Comment