Pages

မောင်မောင်မြင် ၏ အမေစုအတွက်မေးခွန်းတချို့



အခုတော့ အမေစု လွှတ်တော်ထဲ ရောက်ပြီ၊ မြန်မာနိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုးတွေကို လုပ်မယ်လို့လည်း ကတိသစ္စာတွေ ဆိုပြီးပြီ။ ဒီတော့ အမေစု အနေနဲ့ နိုင်ငံအတွက် ကောင်းရာ ကောင်းကျိုးတွေကိုပဲ ပြောစေလိုပါတယ်။ အမေစုနဲ့ NLD က လက်ရှိအစိုးရဟာ စစ်တပ်က ကြီးစိုး ထားတာပဲလို့ ပြောတာ ကြားခဲ့ဘူးပါတယ်။ အခုအမေစုရဲ့ ဥရောပ ခရီးစဉ်မှာ ပြောနေတဲ့ ပုံစံကလည်း အဲသည်လို ပုံစံပါပဲ။ အမေစုရဲ့ ရန်သူတော်ဟောင်းကြီးတွေဖြစ်
တဲ့ အခု အုပ်ချုပ်နေတဲ့ စစ်အစိုးရပိုင်း လူကြီးဟောင်းတွေက အမေစုကို လွှတ်တော်ထဲ ၀င်ခွင့်ပြုတာ၊ နိုင်ငံခြားတွေ သွားခွင့်ပြုနေတာ အမေစု အပြောအဆို ဆင်ခြင်ဖို့ ကောင်းပါတယ်။ ILO ဆွေနွေးပွဲမှာ
“ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပါသလား” လို့ အမေစုကို မေးခဲ့တယ်။ အမေစုရဲ့ အဖြေက “နိုင်ငံသားဖြစ်ဖို့ဆိုရင် တိကျ ရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေကစပြီး လိုအပ်ပါမယ်၊ ရခိုင်နယ်စပ်မှာ တရားမ၀င် နေထိုင်သူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ်လူဝင်မှု ထိန်းသိမ်းရေး လိုအပ်နေပါတယ်” ဘာညာဆိုပြီး ဖြေသွားတာ ကြားလိုက်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ သေချာရေရာ မသိဘဲ ထင်ရာမြင်ရာ ဖြေထည့်လိုက်ပုံ ရတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိတဲ့ ဥပဒေ တိတိကျကျ ပြဌာန်းထားပြီးသားဆိုတာ အမေစုမသိလို့လား။ ဒီဘင်ဂါလီတွေကို နောက်ထပ် ဥပဒေထပ်ပြုပြီး အသိအမှတ်ပြုပေးရမယ်လို့ အမေစု ဆိုလိုချင်နေတာလား။
ဒီဘင်ဂါလီကိစ္စဟာ အမေစု ခင်ပွန်းအမျိုးတွေ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တုန်းက ကျန်ခဲ့တဲ့ အမွေဆိုးတွေ ဆိုတာ အမေစု မသိလို့လား။ ဘာဖြစ်လို့ အခုမှ ဒီခေတ်က လူတွေကို ပုံချပြီး တာဝန်ယူခိုင်း နေရတာလဲ။ နောက်တစ်ခုက ILO မှာပြောခဲ့တာပါပဲ။ “စစ်တပ်အနေနဲ့ အာဏာ အလွန်အကျွံ ကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအရေး အသွင်ကူးပြောင်းမှုဟာ ထင်သာမြင်သာ မဖြစ်သေးကြောင်း၊ ဒီမိုကရေစီ ဖြစ်စဉ်မှာ စစ်တပ်အနေနဲ့ ဟန့်တားတာမျိုး မဖြစ်သင့်ဘူး” လို့ ပြောခဲ့တယ်။ ဒီတော့ စစ်တပ်က ဘာတွေများ ဟန့်တားနေလဲလို့ မေးချင်တယ်။ ဒေါ်စုနဲ့ ဦးဝင်းတင်တို့ ပြောခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ မှတ်မိဦးမှာပေါ့။ အဲဒါကြီးကိုသာ တွန်းပြီး ဆက်လုပ်မယ်ဆိုရင် ဘာဖြစ်လာမယ်လို့ ထင်သလဲ။ အမေစု ဥရောပ ရောက်တုန်း ဘော့စနီးယားဟာဇီဂိုဘီးနား၊ ခရိုအေးရှားတို့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သွားလေ့လာသင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံမှာ ကချင် တိုင်းရင်းသားတွေနဲ့ လုပ်ခဲ့တဲ့ တချို့ ဆွေးနွေးပွဲတွေမှာ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တရား လက်လွတ် တောင်းဆိုမှုတွေ ကြောင့် မတက်ခဲ့ဘူးဆိုတာ အမေစု လေ့လာကြည့်ပါဦး။
နောက်တစ်ချက်က “ ပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်မှ ရေရှည်ခံမယ်လို့” အမေစု ပြောခဲ့ တယ်နော်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ စနစ်တကျ အဖွဲ့အစည်းကြီးဖြစ်တဲ့ စစ်တပ်ကို ဘာဖြစ်လို့ ချန်ထား ခဲ့ချင်ရတာလဲ။ ဦးနုတို့ရဲ့ ပါလီမန်ခေတ်ကလို တရုတ်-မြန်မာ နယ်စပ်သတ်မှတ်တဲ့ ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်ကို ကျွန်းကြီးတစ်ကျွန်း ပေးလိုက်တဲ့ကိစ္စ၊ အဲဒီဥပမာတွေကို ယူပြီး ဘင်ဂါလီတွေကို လွှတ်တော်ထဲမှာ ဥပဒေပြု ပေးပြီးတော့ လုပ်ချင်ရာ လုပ်မလို့လား။ ပြုပြင်ပြောင်းလဲရေးမှာ တွေ့ကြုံလာရမဲ့ ပြဿနာပေါင်းစုံကို စစ်တပ် မပါဘဲ ထိန်းသိမ်းလို့ ဘယ်လိုမှ မရနိုင်ဘူးဆိုတာ အပေါ်ယံလေး တွေးရင်တောင် ရနိုင်ပါတယ်။ အမေစု အခု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်နေတယ် မဟုတ်လား။ စစ်တပ်ဟာ ဗိုလ်ချုပ် အောင်ဆန်း ဖွဲ့စည်းခဲ့တာ လို့ အမေစု ပြောခဲ့တဲ့ စကားရှိတယ်။ စစ်တပ် မပါဘဲနဲ့တော့ အမေစုရိုက်မဲ့ ဇာတ်ကားကြီးဟာ ဘာမှ ပီပီပြင်ပြင် ဖြစ်လာမှာ မဟုတ်ဘဲ အခုခေတ် ပေါ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေလို ချစ်၊ကြိုက်၊ ကွဲ၊ ညား ဟီးဟီးဟီးဟားဟား ဇာတ်လမ်း ဖြစ်နေဦးမယ်နော် . . . .


မောင်မောင်မြင်

0 မှတ်ချက်:

Post a Comment